⭐PESTLE Analysis ဆိုတာ သိကြပါသလား ..

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လုပ်ငန်းတစ်ခုကို အောင်မြင်အောင်ပံ့ပိုးပေးနိုင်တဲ့ အရာတွေ၊ ကျရှုံးသွားအောင် သက်ရောက်နိုင်တဲ့အရာတွေဆိုတာ ရှိစမြဲပါပဲ။

အဲ့အခါမှာ အဖွဲ့အစည်းတစ်ခုကို တိုက်ရိုက်ပါဝင်ပက်သက်နေတဲ့ အရာတွေ (ဥပမာ- ဝန်ထမ်း၊ ရှယ်ယာရှင်၊ ရောင်းသူ၊ ဝယ်သူ) စတဲ့ လုပ်ငန်းတွင်းကအကြောင်းအရာတွေနဲ့ တစ်ခါတစ်ရံမှ အကျိုးသက်ရောက်မှုဖြစ်စေတဲ့ လုပ်ငန်းအပြင်ဘက်က အကြောင်းအရာတွေဆိုပြီး environment ( internal and external) နှစ်မျိုးရှိပါတယ်။ 💁

ကျွန်တော်‌တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကြီးက အမြဲပြောင်းလဲနေတာပါ။ ဒီပြောင်းလဲမှုတွေကြောင့် ကိုယ့်ရဲ့ လုပ်ငန်းကို ဘယ်လိုအကျိုးသက်ရောက်စေလဲဆိုတာ အမြဲလေ့လာနေရပါမယ်။

ပြောင်းလဲမှုတစ်ခုဖြစ်တိုင်း ကိုယ့်လုပ်ငန်းအတွက် ဘယ်လို အခွင့်အလမ်း‌တွေရသွားလဲ?
ဘယ်အရာတွေက အတားအဆီးတွေ ဖြစ်လာနိုင်မလဲ ဆိုတာ‌တွေ ကို သုံးသပ်တတ်ရပါမယ်။🧐

ဒါကြောင့် Beatrix ကနေ PESTLE analysis အကြောင်းပြောပြပေးသွားပါမယ်။🙋

PESTLE Analysis ဆိုတာ လုပ်ငန်းအပြင်ဘက် ပတ်ဝန်းကျင်က‌နေပြီးတော့ လုပ်ငန်းတစ်ခုကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ လုပ်ငန်းကိုသက်ရောက်နေတဲ့ အချက်အလက် အကြောင်းတရားတွေရှာ‌ဖွေမယ်။ အဲအချက်အလက်တွေကရော နောင်အနာဂတ်မှာ ပြောင်းလဲမှုတွေရှိလာနိုင်မလားဆိုတာ သုံးသပ်ရမယ်။

ပြောင်းလဲလာခဲ့ရင် ကိုယ့်အတွက် အခွင့်အလမ်းရမလား? ဆုံးရှုံးမှုဖြစ်စေလား? ဆိုတာ လေ့လာမယ်။

အဲ့ဒီ ဆုံးရှုံးမှု၊ စိတ်ခေါ်မှုတွေကို ကိုယ့်အတွက် ဘယ်လိုအ‌ကျိုးကျေးဇူးရအောင် လုပ်ရမလဲဆိုတာတွေကို ကောင်းကောင်းဆုံးဖြတ်တတ်စေပါတယ်။👏

PESTLE ဆိုတာကတော့ လုပ်ငန်းအပြင်ဘက်
ကနေသက်ရောက်နေတဲ့

✔️Political factors ( နိုင်ငံရေးဆိုင်ရာအချက်တွေ)၊
✔️Economic factors (စီးပွားဆိုင်ရာအချက်အလက်တွေ)၊
✔️Social factors (လူမှုရေးဆိုင်ရာအချက်တွေ)၊
✔️Technological factors (နည်းပညာဆိုင်ရာ အချက်တွေ)၊
✔️Legal factors (တရားဥပဒေဆိုင်ရာ အချက်တွေ)၊
✔️Environmental factors (ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေ)ပဲဖြစ်ပါတယ်။

📍Political factors (နိုင်ငံရေးဆိုင်ရာ အချက်အလက်များ)

ဒါတော့ အစိုးရက စီးပွားရေးလုပ်ငန်းမှာ ကြားဝင်လုပ်ဆောင်တဲ့ အချက်တွေဖြစ်ပါတယ်။ အစိုးရကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကုန်သွယ်ရေးမူဝါဒနဲ့ ကန့်သတ်ချက်တွေ၊ အခွန်စည်းကြပ်မှုနည်းလမ်းတွေ၊ အလုပ်သမားဥပဒေ၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှုတွေ၊ မူပိုင်ခွင့် စတာတွေကို သိထားရပါမယ်။

ဒီလိုမျိုး အစိုးရက ကြေငြာထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေက စီးပွားရေးလုပ်ငန်းနဲ့ရောင်းဝယ်မှုတွေကို ဘယ်လောက်ထိအကျိုးသက်ရောက်နေလဲ? ဘယ်လိုမျိုးလိုက်နာသင့်လဲ ဆိုတာ‌တွေ သိထားရပါမယ်။ နောက်ပြီး ဒီလိုနိုင်ငံရေးမူဝါဒနဲ့ လမ်းညွှန်ချက်တွေရော ပြောင်းလဲမှုတွေရှိနေလားဆိုတာကိုလဲ လေ့လာရပါမယ်။🔎

📍Economic factors (စီးပွားရေးဆိုင်အချက်အလက်များ)

ဒီမှာလေ့လာရမယ့်အချက်တွေကတော့
ထုတ်ကုန်အရင်းအမြစ်၊ ဝယ်လိုအား စတာတွေအပေါ်သက်ရောက်နေတဲ့ စီးပွားရေးဈေးကွက်ထဲက သတ်မှတ်ချက်တွေဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း၊ ငွေကြေးလဲလှယ်နှုန်း၊ သွင်းကုန် ထုတ်ကုန်တိုးတက်နှုန်း၊ အလုပ်အကိုင်ရှိသူနဲ့အလုပ်လက်မဲ့နှုန်းတွေ ဒါတွေကို သိထားဖို့လိုပါတယ်။

နောက် အပေါ်ကပြောခဲ့တဲ့ အစိုးရသတ်မှတ်ထားတဲ့ မူဝါဒတွေနဲ့ ပက်သက်နေတဲ့ အတိုးနှုန်း၊ အကောက်ခွန် ဒါတွေကိုလည်း သတိပြုရပါမယ်။

ကိုယ့်လုပ်ငန်းအတွက် ဆောင်ရွက်နေတဲ့အရာတွေက economic trendsတွေ၊ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှုရှိရဲ့လား? ဘယ်အချက်တွေက ဝင်ငွေ၊ရငွေ၊ ကုန်ကျငွေတွေအပေါ် သက်ရောက်စေလဲဆိုတာ ဆန်းစစ်တတ်ဖို့လိုပါတယ်နော်။📊

📍Social factors (လူမှုရေးဆိုင်ရာအချက်အလက်များ)

စီးပွားရေးလုပ်ငန်းတစ်ခုမှာ ပါဝင်ပက်သက်နေတဲ့ လူတွေရဲ့ အကျိုးစီးပွားကိုလည်း ထည့်‌စဉ်းစားပေးရပါတယ်။

လူဦးရေ များလာတာနဲ့အမျှ ဈေးကွက်ထဲမှာ ဝယ်ယူသူနဲ့ အလုပ်သမားအရေအတွက်ကလည်း များလာပါပြီ။

အဓိကကတော့ ဝယ်ယူသူတွေပါပဲ။ လူဦးရေတိုးတက်နှုန်း၊ မွေးဖွားမှုတိုးတက်နှုန်း၊ ဝယ်ယူသူတွေရဲ့ယုံကြည်ကိုးကွယ်မှု၊ လူနေမှုမိသားစုပုံစံ၊ ပညာရေး၊ ဝင်ငွေ၊ကြိုက်နှစ်သက်မှု ၊ သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ ကန့်သတ်ချက်တွေ
၊ ထုတ်ကုန်ရဲ့အရည်အသွေးနဲ့ customer serviceအပေါ်သဘောထားမှုတွေ၊ ဝယ်ယူမှုအလေ့အထ စတာတွေကို လေ့လာသိရှိထားရပါမယ်။

ဒါတွေကိုသိထားမယ်ဆိုရင် နေရာဒေသအလိုက် ဝယ်ယူသူတွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတာ သိလာစေပါတယ်။👥

📍Technological factors (နည်းပညာဆိုင်ရာ အချက်အလက်များ)

စီးပွားရေးလုပ်ငန်းတစ်ခုမှာ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကတော့ အနည်းနဲ့အများလိုအပ်တာချည်းပါပဲ။

ကိုယ့်ရဲ့ လုပ်ငန်းဟာ နည်းပညာတွေအပေါ် ဘယ်လောက်အခြေခံနေလဲဆိုတာ သိရပါမယ်။ အဓိကအားဖြင့် operations နဲ့ marketing ပိုင်းမှာပိုပြီး လိုအပ်ပါတယ်။

ဒါကြောင့် တီထွင်ဆန်းသစ်မှုနဲ့ တိုးတက်မှုတွေ၊
စက်ပစ္စည်း အစားထိုးအသုံးပြုလာပုံတွေ၊ အင်တာနက်ချိတ်ဆက်မှုတွေ၊ ခုဆိုရင် digital marketing ကလည်း အရမ်းကျယ်ပြန့်လာပြီဖြစ်လို့ လိုအပ်တဲ့ tools တွေအကုန်လေ့လာထားရပါမယ်။

ဒီလိုနည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေက ကိုယ့်လုပ်ငန်းအပေါ် ဘယ်လောက်သက်ရောက်မှုရှိလဲ? ကိုယ့်ဘက်က ဘယ်လို ပြင်ဆင်မှုတွေလုပ်မလဲဆိုတာတွေ စဉ်းစားရပါမယ်။ ⚙️

📍Legal factors (တရားဥပဒေဆိုင်ရာ အချက်အလက်များ)

ဒါကတော့ ကိုယ့်လုပ်ငန်းတွင်း ဝန်ထမ်းပိုင်း‌ဆိုင်ရာ ကာကွယ်ရေးဥပဒေ၊ ထုတ်ကုန်အရည်အသွေးနဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ထုတ်ကုန်အမှတ်တံဆိပ်ထောက်ခံချက်တွေ၊ ပြည်တွင်းပြည်ပ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ နဲ့ မူပိုင်ခွင့် စတာတွေကိုသိထားရပါမယ်။

ဘယ်လို ဥပဒေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေက လုပ်ငန်းကို သက်ရောက်နေလဲဆိုတာ သိထားပြီး ပေါ့ဆမှုနဲ့ ဥပဒေချိုးဖောက်မှုတွေ မဖြစ်စေဖို့ လုပ်ဆောင်ရမှာပါ။📜

📍Environmental factors (ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ)

စီးပွားရေးလုပ်ရင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိအောင်လည်း သတိထားလုပ်ဖို့လိုပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေးဥပဒေ၊ ပတ်ဝန်းကျင်အနေအထား၊ ရာသီဥတုပြောင်းလဲမှု၊ စွန့်ပစ်ပစ္စည်းနဲ့ ပြန်လည်အသုံးချမှုနည်းလမ်းတွေ၊ ရေ၊မြေ၊လေ ညစ်ညမ်းစေမှုကို ကာကွယ်တားဆီးခြင်း နဲ့ သဘာဝစွမ်းအင်အရင်းအမြစ်အသုံးချမှုတွေကို သတိပြုရပါမယ်။

ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးနဲ့ ထုတ်ကုန်ရရှိအောင် ကြိုးစားလုပ်ဆောင်ကြရမှာပါ။ 🤗

ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်‌မယ်ဆိုရင် အပေါ်မှာပြောပြထားတဲ့ အချက်တွေကို လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

လေ့လာထားတဲ့ နေရာဒေသ၊ ပတ်ဝန်းကျင်အနေအထား၊ နေထိုင်စားသောက်မှုပုံစံတွေနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ၊ နည်းလမ်းတွေ၊ အတွေးအခေါ်တွေ ကိုချမှတ်ပြီး လုပ်ငန်းတည်ထောင်မယ်ဆိုရင် ရေရှည်မှာလည်းအောင်မြင်မှုတွေရရှိလာမှာပါနော်။🥳

လုပ်ငန်းအားလုံးကို အောင်မြင်စေဖို့ ရည်ရွယ်လျှက် ... ❤️

Written by
Yoon Ei Tin

No photo description available.

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱