Advice For Life
အားလုံးပဲမဂ်လာပါ.
Beatrix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။
အမြဲတမ်းပဲ စီးပွားရေးနဲ့ပတ်သက်တာတွေပဲ ဖတ်နေရလို့ နည်းနည်းငြီးငွေ့နေကြပြီလား
တခါတခါ ကိုယ့်ရဲ့ဘဝတွက်တဖက်ကနေအကျိုးပြုပေးမယ့် ဗဟုသုတလေးတွေရော ဖတ်ချင်ကြတယ်မလား
ဟုတ်ကဲ့..ဒီနေ့မှာတော့ ပုံမှန်ဆွေးနွေးနေကြ စီးပွားရေးအကြောင်းတွေမဟုတ်ဘဲ မိမိတို့ဘဝတိုးတက်ရေးအတွက် တဖက်တလမ်းကနေ အထောက်အကူပြုစေမယ့် ဘဝနေနည်းဆိုင်ရာဗဟုသုတ အချို့ကို ကျွန်တော်တို့ ဆွေးနွေးကြည့်ကြရအောင်...
ဘဝအတွက်ကြိုးစားနေချိန်မှာ ပန်းတိုင်မရောက်ခင် အင်အားကုန်ခန်းမသွားအောင် မလုပ်သင့်မလုပ်ထိုက်တာတွေကို ရှောင်ကြည်သင့်ပါတယ်။ ဒါကြောင့် ဒီနေရာမှာဆွေးနွေးသွားချင်တဲ့ အကြောင်းအရာလေးကတော့ ဘဝတွက်ကြိုးစားနေချိန်မှာ ရှောင်ကြည်သင့်တဲ့ အရာ(၆)ခုပဲဖြစ်ပါတယ်။
(၁) မပျင်းပါနဲ့။
ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ပန်းတိုင်တခုကို တော်တော်နဲ့မရောက်နိုင်တော့ဘူး။ စီမံကိန်းချတုန်းကတော့ မိုးလားကဲလားနဲ့။ တကယ်လည်းလုပ်မယ်ကျတော့ နေပူတယ်၊မိုးရွာတယ်၊ ဇက်ကြောတက်တယ်၊ ခေါင်းကိုက် တယ်ဆိုပြီး တော်တော်နဲ့ ခရီးမရောက်ဖြစ်နေတတ်တယ်။အဲ့ဒီတော့မပျင်းဖို့လိုပါတယ်။
ပျင်းနေပြီဆိုရင် ကိစ္စအသေးလေးတွေကို အရင်ပြီးမြောက်အောင်လုပ်လိုက်ပါ။ အလုပ်တခါပြီးသွားရင် ပျင်းနေတဲ့စိတ်ကလျော့ပါးသွားပြီး တက်ကြွတဲ့စိတ်က အစားထိုးဝင်လာပါလိမ့်မယ်။
(၂) မတွေဝေပါနဲ့။
လောကီလူသားတွေပဲ တခါတခါကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံရင်ကြုံမယ်။ “ငါဘာလုပ်နေတာပါလည်း၊ ငါဒီလိုလုပ်လိုက်တော့ကော ငါ့တွက်ဘာထူးလာမှာလည်း။” အဲ့ထက်ဆိုးတာထက် တခုခုကိုရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲ့တာက တွေဝေတာပဲ။
ဒီလိုမျိုးတွေဝေခြင်းတွေဟာ မိမိရဲ့ပန်းတိုင်ကိုရောက်မယ့်ခရီးကို ပိုမိုနှောင့်နှေးစေပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး မိမိဦးတည်တဲ့အရပ်ဆီ တည့်တည့်သွားပါ။ မတွေဝေပါစေနဲ့။
(၃) မစိုးရိမ်နဲ့။
ဖြစ်တောင်မလာသေးတဲ့အရာတွေအတွက်-ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့တွက်လုံလောက်တဲ့ Resource တွေရှိကောရှိနိုင်မလား။ ရလဒ်ကသေချာပါ့မလားစသည့်ဖြင့် စိုးရိမ်စိတ်တွေများစွာ ဝင်လာတတ်ကြတယ်။ ဒီလိုမျိုးစိုးရိမ်စိတ်တွေဟာလည်း မိတ်ဆွေတို့ရဲ့ဘဝ အောင်မြင်မှုဆီသွားတဲ့လမ်းမှာ အနှေင့်အယှက်ဖြစ်နိုင်ပါတယ်။
အဲ့လိုမျိုး စိုးရိမ်တတ်တဲ့စိတ်ကိုမဖြစ်အောင် စမလုပ်ခင်ကတည်းက Plan ရေးဆွဲထားပါ။ ဒီလို Plan ရေးဆွဲထားခြင်းဟာ ကိုယ့်လုပ်ငန်းရဲ့ လက်ရှိရောက်နေတဲ့နေရာကို သိရှိပြီး စိုးရိမ်တတ်တဲ့စိတ်မဝင်မှာပါ။
(၄) အားမငယ်ပါနဲ့။
“ငါ့ဘော်ဒါတွေများ ဘာတွေဖြစ်ကုန်ပြီ။ ဘယ်ရာထူးတွေရကုန်ပြီ။ ငါ့ကျတော့ ဘာမှဖြစ်မလာသေးပါလားဆိုပြီး” အတော်များများ အားငယ်စိတ်တွေဖြစ်တတ်ကြပါတယ်။
အဲ့လို အားငယ်စိတ်ဝင်စရာမလိုပါဘူး။
လူတစ်ယောက်နဲ့တစ်ယောက်ဟာ ရွေးချယ်လျှောက်လှမ်းကြတဲ့ နယ်ပယ်၊ ကြိုးစားမှုပုံစံ၊ ဘဝအဓိပ္ပါယ်နားလည်မှု နှင့် အပေးခံရတဲ့ ဘဝပေးကုသိုလ်ကံကလည်းမတူညီကြပေ။ ဒါကြောင့် ရလဒ်တွေကလည်း ကိုယ့်ဆီမှာရှိနေတဲ့အရာတွေပေါ်မှာမူတည်ပြီး ကွဲပြားနေကြမှာပဲ။
ဘာကြီးဖြစ်မှ၊ဘာကောင်ကြီးဖြစ်မှ အောင်မြင်တာမဟုတ်ပါဘူး။ ကိုယ်လက်ရှိကျင်လည်နေရတဲ့အခြေအနေထဲ မှာ စိတ်အကျေနပ်ဆုံး အပြောက်မြောက်ဆုံးဖန်တီးလိုက်နိုင်တာဟာလည်း အောင်မြင်ခြင်းတမျိုးပဲ။
ဒါကြောင့် တွေးပြီး အားငယ်နေမယ့်အစား ကိုယ်ကသူများတွေထက်ပိုပြီး ကြိုးစားသင့်နေပြီလို့ စိတ်ထဲမှတ်ပြီး ကြိုးစားခြင်းကသာ မိတ်ဆွေတို့ရဲ့ အောင်မြင်မှုကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်။
(၅) အချစ်ဆိပ်မတက်နဲ့။
ထူးဆန်းနေတယ်...ဟုတ်
မထူးဆန်းပါဘူး....
ပတ်ဝန်းကျင်မှာတွေ့နေရတာတွေပါ။
လူတွေကအချစ်ရေးနဲ့ပတ်သက်လို့အရမ်းများ ရိုမန်တစ်ဆန်သွားရင် ရောင့်ရဲသွားတတ်ကြတယ်။ “တော်ပီလေ..တို့နှစ်ကိုယ် တဲအိုပျက်မှာနေရတာမှမဟုတ်တာ၊ တိုက်ခန်းလည်းတလုံးနဲ့နေရရင် ပြီးပါပြီလို့” စသည်ဖြင့် ဘဝရည်မှန်းချက်တွေကိုအတိုက်စားခံလိုက်ကြတယ်။
“စိတ်ညစ်နေတုန်း အားပေးဖော်လည်းရှိ၊ ပင်ပန်းနေတုန်း ရေတိုက်ဖော်လည်းရှိတာ” က ကောင်းပေမယ့် ဘယ်သွားသွား ကပ်ငြိနေမယ်ဆိုရင်တော့ ကိုယ့်ဘဝတိုးတက်ဖို့ နှောင့်နှေးနိုင်ပါတယ်။ ဒါကြောင့် ချစ်နိုင်ပေမယ့် Target တခုထားပြီး ကြိုးစားနေချိန်ကာလမှာ အဆိပ်တော့မတက်ပါစေနဲ့။
နောက်ဆုံးတခုကတော့...
(၆) အပျော်မမက်နဲ့။
စိတ်ထွက်ပေါက်ဆိုပြီး ဘောဒါတွေနဲ့ကဲလိုက်မယ်၊ စားလိုက်မယ် ၊သောက်လိုက်မယ် ဆိုပြီးလုပ်တော့လုပ်ပေါ့။ ဒါပေမယ့် ဒီဟာကိုလည်း Limit လေးတော့ထားစေချင်ပါတယ်။ ကိုယ်အခုလုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ပျက်ပြားလားအောင် အပျော်တွေအရမ်းမက်နေရင်လည်းမကောင်းပါဘူး။
ပြီးတော့မှ ငါနဲ့အတူပျော်နေခဲ့တဲ့ကောင်တွေ Project တွေပြီးသွားပြီ။ ငါကခုထိမပြီးနိုင်သေးဘူးဆိုပြီး နောင်တတွေရနေလိမ့်မယ်။ တချို့လူတွေက ကိုယ်အောင်မြင်ဖို့အတွက် သူများကိုဆွဲချဖို့ဝန်မလေးတတ်ကြဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီဆမ်း ပဲဆီနှမ်းလေးမွှေးလိုက်တာလို့ မှတ်နေရင်တော့ ဘဝပျက်သွားပါလိမ့်မယ်။
တချို့တော့လည်း ဘယ်သူမှမဖျက်ဘဲ ကိုယ့်ကိုတိုင်ကပဲ ဝါသနာပါပြီး အပျော်မက်တာလည်းရှိကြတယ်။ ဒါကြောင့် ပျော်ပါ ဒါပေမယ့် limit လေးတော့ထားရှိကြပါနော်..။
ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့အရသာ ဆိုတာဟာလည်း ပန်းတိုင်ရောက်မှခံစားရမှာမဟုတ်ပါဘူး။ အောင်မြင်မှုအသီးအပွင့်တွေမရသိတိုင် အရွက်တွေခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ ဒါကြောင့်... ဘယ်အရာဖြစ်မှ၊ ဘာကောင်ကြီးဖြစ်မှ အောင်မြင်တယ်၊ ငါက အဲ့လိုမဖြစ်သေးတော့ မအောင်မြင်သေးဘူး လို့ဆိုပြီး စိတ်ဓာတ်ကျမနေပါနဲ့...။ ကိုယ်လက်ရှိလုပ်နေတဲ့ အသေးအဖွဲ့ကိစ္စလေးတွေအားလုံးဟာ ကိုယ့်လုပ်ငန်း ကိုယ့်ပန်းတိုင်အောင်မြင်ဖို့အတွက် အရေးပါတဲ့အချက်တွေဆိုတာမမေ့ပါနဲ့....။
“အားလုံးကြိုးစားရကျိုးနပ်ပြီး အောင်မြင်တဲ့ဘဝပန်းတိုင်တခုကို တည်ဆောက်နိုင်ကြပါစေ”
Kyaw Nyein( YAU)
Reference:

Comments
Post a Comment