မတူညီသော အရည်အချင်းနှင့် လူသားများအတွက် ဉာဏ်ရည်ထက်မြက်မှု(၉)မျိုး

အားလုံးပဲ...မဂ်လာပါ🙏

Beatrix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။🤗
ဒီနေ့မှာတော့ ကျွန်တော်တို့မျှဝေနေကျ စီးပွားရေးပုံစံလေးတွေမဟုတ်ဘဲ တမူထူးခြားတဲ့ အကြောင်းအရာလေး တခုကိုမျှဝေပေးသွားပါမယ်။
ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေဟာ သူများတွေထက် ညံ့နေတယ်လို့ တခါတခါတွေးဖူးကြတယ်မလား❓
ကျောင်းစာမှာ မတော်ခဲ့လို့ “ငါက အောင်မြင်တဲ့ လူတစ်ယောက်မဖြစ်တော့ဘူး”လို့ကော တွေးဖူးကြလား❓
📣“လူတိုင်းမှာ ပါရမီကိုယ်စီရှိကြပါတယ်။ ဒါပေမယ့်..ငါးတစ်ကောင်ရဲ့အရည်အချင်းကို သူ့ရဲ့ သစ်ပင်ပေါ် တက်နိုင်စွမ်းနဲ့တိုင်းတာမယ်ဆိုရင် အဲ့ဒီငါးကသူ့ဘဝတလျောက်လုံး ငါကအသုံးမကျဘူးလို့ သူ့ကိုယ်သူ ထင်သွားပါလိမ့်မယ်” ဆိုပြီး အိုင်းစတိုင်းက ပြောခဲ့ပါတယ်။
📌 ဟုတ်ကဲ့..ကျွန်တော်တို့ကျောင်းတက်လာတဲ့ ကာလတလျောက် ကျောင်းစာမလိုက်နိုင်ပေမယ့် အားကစားဖက်မှာအရမ်းထူးချွန်တဲ့ သူငယ်ချင်းတွေကိုတွေ့ဖူးကြမှာပါ။
📌 စာလည်းမရ အားကစားလည်းမကျွမ်းကျင်ပေမယ့် လူတွေရဲ့ခင်မင်မှုကိုအများနဲ့ မတူအောင်ရနေတဲ့ သူငယ်ချင်းတွေနဲ့လည်း အတူနေဖူးကြမှာပဲ။
ဒါပေမယ့်..ကျွန်တော်တို့တက်နေတဲ့ကျောင်းတွေက ဘာသာစကားနဲ့ ကိန်းဂဏန်းဆိုင်ရာနားလည်မှုတွေကိုသာ ပညာလို့သတ်မှတ်ထားတာကြောင့် စာမတော်တဲ့ကျောင်းသားတွေက “ငါကသူများတွေလိုမှ မတော်တာ”လို့ ပြောတတ်ကြပါတယ်။
တကယ်ဆိုသူတို့မတော်တာမဟုတ်ပါဘူး။ သူတို့ကိုတော်ခွင့်မပေးတဲ့ နေရာကိုရောက်နေကြလို့ သူ့တို့ရဲ့ အရည်အချင်းကို သတိမထားမိတာလည်း ဖြစ်နိုင်ပါတယ်။
ဒီ စာပိုဒ်လေးမှာ မျှဝေပေးသွားမယ့် ဉာဏ်ရည်(၉)မျိုး အကြောင်း သိသွားပီဆိုရင်တော့ အဲ့လို ပြဿနာကြုံတွေ့ နေရတဲ့ လူငယ်တွေအတွက် အသိတခုခုတော့ တိုးလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
၁။ Linguistic Intelligence ( Word Smart) -ဘာသာစကားဆိုင်ရာဉာဏ်ရည်
ဒီဉာဏ်ရည်ထက်သန်တဲ့သူတွေက သူတို့ရဲ့မိခင်ဘာသာစကားဖြစ်စေ၊ ဘာသာစကားတခုခုဖြစ်စေ သင်ယူသုံးစွဲရာမှာ ကျွမ်းကျင်တဲ့ သူတွေပဲဖြစ်ပါတယ်။ ဒီဉာဏ်ရည်ထက်သန်တဲ့ သူတွေက စကားနိုင်လုရာမှာ လည်း ကျွမ်းကျင်သလို လိုအပ်တဲ့အချိန်တွေမှာ လိုအပ်တဲ့စကားလုံးကို တိတိကျကျသုံးနိုင်တဲ့ သူတွေပဲ ဖြစ်ပါတယ်။
စာစီကုံးရေးသားရတဲ့ စာရေးခြင်းဖက်မှာလည်း ထူးချွန်ကြတဲ့ သူတွေပဲဖြစ်ပါတယ်။ ဒီဉာဏ်ရည်ထက်သန်တဲ့ သူတွေဟာ စာရေးဆရာ၊ မဂ္ဂဇင်းဆရာ နှင့် အစီအစဥ်တင်ဆက်သူတွေ စတဲ့ နယ်ပယ်တွေမှာ အောင်မြင်ဖို့ အလားအလာကောင်းတဲ့သူတွေဖြစ်ကြတယ်။
၂။ Logical-Mathematical Intelligence( Number Smart) - ကိန်းဂဏန်းသခ်ျာဆိုင်ရာဉာဏ်ရည်
ဒီဉာဏ်ရည်ထက်မြက်တဲ့သူတွေကျတော့ သူတို့က ရှုပ်ထွေးတဲ့ ကိန်းဂဏန်းဆိုင်ရာတွေကို စိတ်ဝင်စားကြတယ်။ ဒီလိုဉာဏ်ရည်ထက်သန်တဲ့သူတွေက စာရင်းကိုင်၊အင်ဂျင်နီယာ၊ Computer Programmer၊ Designer စတဲ့လုပ် ငန်းတွေလုပ်ကိုင်ရင်း အောင်မြင်နိုင်ခြေများတဲ့ သူတွေဖြစ်ပါတယ်။
၃။ Music Intelligence( Music Smart )- ဂီတအနုပညာဉာဏ်ရည်ထက်မြက်မှု
ဒီလူတွေကျတော့ အသံနဲ့ဆိုင်တဲ့စည်းချက်တွေ သံစဥ်တွေကို အလွယ်တကူနားလည်နိုင်တဲ့ သူတွေဖြစ်ပါတယ်။ ကြားရတဲ့ စည်းချက်သံစဥ်တွေကို လွယ်လွယ်နဲ့ သီဆိုနိုင်တီးခတ်နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒီလိုဉာဏ်ရည်ရှိ တဲ့သူတွေဟာ ဂီတဖက်ဖြစ်တဲ့ တေးရေးဆရာ၊ အဆိုတော်၊ Choir Leader၊ အသံဖမ်းအင်ဂျင်နီယာ၊ တေးဖြတ်စတဲ့ အလုပ်တွေမှာ ပျော်ရွှင်ရင်း အောင်မြင်နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။
၄။ Bodily-Kinesthetic Intelligence(Body Smart )- ခန္ဓာကိုယ်လက် ဉာဏ်ရည်ထက်မြက်မှု
ငယ်ငယ်တုန်းက အရမ်းဆော့ပြီး ပြေးလွှားနေကြတဲ့သူတွေဟာ ဒီဉာဏ်ရည်ထက်မြက်ကြတဲ့ သူတွေပဲဖြစ်ပါတယ်။ သူတို့တွေက ပစ္စည်းကိရိယာတွေကို အလိုလိုနဲ့ကိုင်တတ် အသုံးပြုတတ်ဖို့ လုပ်နေတဲ့သူတွေလည်း ဖြစ်တယ်။
ကံကောင်းလာတာတခုက သူတို့အတွက် အရင်ကမရှိခဲ့တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ များလာတာပါပဲ။
ဒီလိုလူတွေက အားကစားသမားတွေ၊ Mechanic တွေ၊ Gym Trainer တွေ၊ Dancer တွေ နှင့် လက်မှုပညာသည် စတဲ့အလုပ်တွေမှာ အောင်မြင်နိုင်ခြေများတဲ့သူတွေဖြစ်ပါတယ်။
၅။ Interpersonal Intelligence ( People Smart) -လူမှုဆက်ဆံရေးဆိုင်ရာဉာဏ်ရည်ထက်မြက်မှု
မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ အပေါင်းအသင်းတွေဝိုင်းချစ်တာခံရတဲ့ သူတွေရှိပါသလား❓
သူတို့ကလူတစ်ယောက်ကိုဘယ်လိုစကားပြောရမယ်၊ ဘယ်လိုပေါင်းသင်းရမယ်၊ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သုံးသပ်ပြီးအကုန်မိတ်ဖွဲ့နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။
ဒီလို ဉာဏ်ရည်ထက်မြက်တဲ့သူတွေက မန်နေဂျာတွေ၊ နိုင်ငံရေးသမားတွေ၊ နည်းပြ၊အကြံဉာဏ်ပေးတဲ့သူ နှင့် လူမှုရေးတက်ကြွသူ စတဲ့အလုပ်တွေနဲ့ အပ်စပ်သူဖြစ်ပါတယ်။
၆။ Existential Intelligence(Spirit Smart) - စိတ်ဝိညာဥ်ဆိုင်ရာဉာဏ်ရည်ထက်မြက်မှု
ဒီဉာဏ်ရည်ကောင်းတဲ့သူတွေက လူသားတွေရဲ့တည်ရှိမှုနဲ့သက်ဆိုင်တဲ့ ပညာတွေကိုလေ့လာတဲ့ နေရာတွေမှာ အများထက်ကျွမ်းကျင်ပါတယ်။ ပြီးတော့ တည်ရှိနေတဲ့အရာတွေနဲ့ ပတ်သက်ပြီး စူးစမ်းချင်တဲ့သူတွေ မေးခွန်းထုတ်ချင်တဲ့သူတွေဖြစ်ပါတယ်။
ဒီလိုဉာဏ်ရည်ထက်သန်တဲ့သူတွေက သာသနာ့ဘောင်မှာ အလုပ်လုပ်တာများပါတယ်။ ပြီးတော့ Public Speaker နှင့် အတွေးအခေါ်ပညာစတဲ့ အလုပ်တွေမှာ အောင်မြင်နိုင်ခြေများတဲ့ သူတွေပဲ ဖြစ်ပါတယ်။
၇။ Spatial Intelligence( Picture Smart) -ရုပ်ပိုင်းဆိုင်ရာဉာဏ်ရည်ထက်မြက်မှု
Picture Smart ဆိုတဲ့အတိုင်း ဒီဉာဏ်ရည်ထက်သန်တဲ့သူတွေက ပန်းချီကားတွေပုံတွေကို ကြည့်လိုက်တာနဲ့ ပေးချင်တဲ့ Message ကိုတန်းသိနိုင်တဲ့သူတွေဖြစ်ပါတယ်။
ဒီလိုဉာဏ်ရည်ထက်မြက်တဲ့သူတွေက ပန်းချီဆရာ၊ ဗိသုကာဆရာ၊ Graphic Designer ၊ Fashion Designer နှင့် ဓာတ်ပုံဆရာစတဲ့အလုပ်တွေမှာ စိတ်နစ်ထားကြပြီး အဲ့နယ်ပယ်တွေမှာလည်း အောင်မြင်နိုင်ခြေ များပါတယ်။
၈။ Naturalist Intelligence ( Nature Smart) - သဘာဝဆိုင်ရာဉာဏ်ရည်ထက်မြက်မှု
ဒီဉာဏ်ရည်ထက်သန်နေတဲ့သူတွေက သဘာဝမှာဖြစ်တည်နေတဲ့အရာတွေကို သူများတွေထက် ပိုပြီးလွယ်ကူစွာ လေ့လာသင်ယူနိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့က သဘာဝအတိုင်းရှိနေတဲ့ အရာတွေ၊ မျိုးစိတ်တွေကို သူများတွေထက်မှတ်မိနိုင်ကြတယ်။
ဒီဉာဏ်ရည်ထက်မြက်တဲ့သူတွေဟာ ဥယျာဥ်မှူး၊ တိရိစ္ဆာန်ဥယျာဥ်မှူး၊ စိုက်ပျိုးရေးပညာရှင်၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းသူ နှင့် နက္ခတ်တဗေဒလေ့လာရေးတွေမှာ လုပ်ကိုင်ရင်း အောင်မြင်နိုင်ခြေပိုများတဲ့ သူတွေပဲ ဖြစ်ပါတယ်။
နောက်ဆုံးတခုကတော့....
၉။ Intrapersonal Intelligence( Self Smart) -မိမိကိုယ်ကိုသိရှိခြင်း ဉာဏ်ရည်ထက်မြက်မှု
ဒီဉာဏ်ရည်ရှိတဲ့သူတွေကတော့ သူတို့ကိုသူတို့ အမြဲစစ်ဆေးပြီး နားလည်နေတဲ့သူတွေပဲဖြစ်ပါတယ်။ အဲ့လိုပြောတဲ့နေရာမှာ သူတို့ရဲ့စိတ်နေစိတ်ထား သူတို့ရဲ့တန်ဖိုးထားမှု၊ သူတို့ရဲ့ယုံကြည်ချက်၊ သူတို့ရဲ့ လိုအင်ဆန္ဒတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရုန်းကန်နေရတဲ့ ယနေ့ခေတ်မှာ ဒီဉာဏ်ရည်မျိုးက ရှားလာတယ်လို့ ထင်မိပါတယ်။
ဒီလိုလူတွေက တခုခုကိုအခြားလူတွေထက် ပိုပိုအာရုံစိုက်လုပ်ဆောင်နိုင်ပါတယ်။
ဒီဉာဏ်ရည်ထက်မြက်တဲ့သူတွေကတော့ ကိုယ်ပိုင်စီးပွားရေးပညာရှင်၊ အလုပ်ကိုင်လမ်းညွှန်သူ၊ စာရေးဆရာနှင့် ဘာသာရေးလေ့လာသူတွေလုပ်ကိုင်ရင်း ပိုမိုအောင်မြင်ကြမယ့် သူတွေပဲဖြစ်ပါတယ်။
မိတ်ဆွေအနေနဲ့ “ငါသူများတွေလိုမတော်ပါလား” ဆိုတဲ့စိတ်ဝင်လာရင် ဒီမတူညီတဲ့ဉာဏ်ရည်တွေကို ပြန်လေ့လာပြီး မိတ်ဆွေရဲ့ဉာဏ်ရည်ထက်သန်မှုကို ဂုဏ်ယူစွာနဲ့အသုံးချတတ်ဖို့ လိုအပ်ပါတယ်။
တချို့တွေက ဉာဏ်ရည်အများကြီး ပိုင်ဆိုင်ကြတာရှိနိုင်တယ်။ တချို့ကတော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဉာဏ်ရည်တခုမှာ တဖက်ကမ်းထက်သာနေတာတွေ ဖြစ်နေတတ်တာကြောင့် သင်ကဉာဏ်ကောင်းပြီး ထူးချွန်ပါလျက်နဲ့ သတိမထားမိခြင်းကြောင့် သိမ်ငယ်မနေဖို့အရေးကြီးပါတယ်။
နောက်ပြီး သင့်ရဲ့ဉာဏ်ရည်ဘယ်လောက်ပဲကောင်းကောင်း “မသွေးဘဲထားတဲ့ ဓားက သံချေးတက်တတ်သလို” သင့်ရဲ့ဉာဏ်ရည်ကိုလည်း လက်တွေ့အသုံးချတတ်ဖို့ အရေးကြီးပါတယ်။
“မိတ်ဆွေတွေအားလုံး ကိုယ်ပိုင်ထားတဲ့ဉာဏ်ရည်ကိုအသုံးချပြီး ဘဝမှာအောင်မြင်နိုင်ကြပါစေ”
Kyaw Nyein (YAU)

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱