အကောင်းမြင်စိတ်ရှိ လာအောင်ဘယ်လို ကြိုးစားကြမလဲ ... ?
လူ့သဘော သဘာဝအရ အကောင်းမြင်စိတ်ရှိဖို့ရာ အရမ်းကို ခက်ခဲပါတယ်။ အဆိုးမြင်တတ်တဲ့စိတ်ဟာ သင်ပေးစရာမလိုဘဲ တတ်မြောက်နေကြပြီးသားပါ။
အဆိုးမြင်တတ်တဲ့ စိတ်က ဘဝရဲ့ ကောင်းမွန်တဲ့အချိန်တွေ၊ အခွင့်အရေးတွေကို တံတိုင်းတစ်ခုလို ခြားပစ်လိုက်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
အခု Beatrix ကနေပြီးတော့ အကောင်းမြင်စိတ်ရှိအောင် လေ့ကျင့်ဖို့ နည်းလမ်း(၉)သွယ်ကို ဖော်ပြပေးချင်ပါတယ်။ 
အဲ့(၉)ချက်ထဲက တစ်ချက်ကိုရွေးချယ်ပြီး ရက်၃၀လောက် လေ့ကျင့်နေထိုင်ကြည့်ပါ။ တစ်ချက်ကို ကျင့်သားရသွားပြီဆိုမှ နောက်တစ်ချက်စီ အဆင့်တက်သွားပါနော်။
၁.ကိုယ့်ကိုကိုယ် မှန်ကန်တဲ့ မေးခွန်းတွေ မေးပါ။
ဒီအချက်က ရိုးရှင်းပေမယ့် အကောင်းမြင်စိတ်ရှိလာဖို့ ပြုစုပျိုးထောင်တဲ့နေရာမှာ အရမ်းအရေးပါတဲ့ အလေ့အကျင့် တစ်ခု ဖြစ်ပါတယ်။ အခက်အခဲ အကျပ်အတည်း ကြုံရချိန်မှာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မေးလိုက်တဲ့မေးခွန်းပေါ် မူတည်ပြီး ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာ အခြေအနေကို ကွဲပြားခြားနားသွားအောင် လုပ်နိုင်ပါတယ်။
အဆိုးမြင်သမားဆိုရင်
ဒီလိုသာ မေးခွန်းထုတ်မိရင် သင်ဟာ ပြဿနာရဲ့အဖြေကို မရှာဖွေနိုင်တော့သလို စိတ်ဓါတ်ကျ ဝမ်းနည်းမှုတွေကိုဘဲ ခံစားနေရနိုင်ပါတယ်။
အကောင်းမြင်သမားတွေ ကတော့ အောက်ပါမေးခွန်းလေးတွေကို မေးပြီး ဖြစ်နိုင်ချေတွေ အမြင်သစ်တွေကို ရှာဖွေလေ့ ရှိကြပါတယ်။
၂.ဘဝကို အကောင်းမြင်စိတ်တွေ နဲ့ တည်ဆောက်ရှင်သန်ပါ။
သင်နဲ့အတူ အချိန်တွေကို ဖြတ်သန်းတဲ့သူ နှင့် သင့်အပေါ် လွှမ်းမိုး ခွင့်ပြုထားတဲ့ သတင်းအချက်တွေက သင့်ရဲ့ကိုယ်ကျင့်တရား နဲ့ သင် ဘယ်လိုတွေးခေါ်တတ်တယ် ဆိုတဲ့အပေါ်ကို အများကြီးသက်ရောက်မှုရှိပါတယ်။ သင့်ကို အားပေး ထောက်ပံ့တဲ့သူတွေနဲ့ ပိုအချိန်ဖြုန်းပါ။
စာရေးသူမှာလည်း အကောင်းမြင်စိတ်အရမ်းရှိတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်
။
သူတို့တွေနဲ့ အချိန်ဖြုန်းလိုက်တာနဲ့ ကိုယ်ပါ အကောင်းမြင်စိတ်ရှိလာသလို ခံစားလာရတာ တကယ်လက်တွေ့ပါ။ သူတို့က motivation ဖြစ်စေတဲ့ video လေးတွေကြည့်တယ်။ စိတ်အားတက်စေတဲ့ သီချင်းလေးတွေ နားထောင်တတ်ကြပါတယ်တဲ့။
၃. ကိုယ့်မှာ ရှိတာလေးကို ကျေးဇူးတင်ပါ။ (ကိုယ့်ကိုကိုယ် ဘယ်တော့မှ မမေ့ပါနဲ့တဲ့)
အရိုးရှင်းဆုံးနဲ့ အကောင်းမြင်စိတ် ပိုမိုရှင်သန်လာဖို့ အမြန်ဆုံး နည်းလမ်းကတော့ "Gratitude" ဆိုတဲ့(ကျေးဇူးတင်တတ်ခြင်း) ပါဘဲ။
ဒီနေ့အတွက် ငါ့ဘဝမှာ ဘယ်အရာတွေကို ကျေးဇူးတင်သင့်သလဲ ..
ငါ့ဘဝမှာ ကျေးဇူးတင်သင့်တဲ့သူတွေက ဘယ်သူတွေလဲ။ ဘာကြောင့်လဲ ...
ငါကိုယ်ငါ ကျေးဇူးတင် ဂုဏ်ယူသင့်တဲ့ အရာတွေကဘာတွေလဲ .. 
ဒီမေးခွန်းလေးကို မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး မေးကြည့်ပါ။
၄.ကိုယ်ခန္ဓာ ကျန်းမာရေး ကိုလည်း မမေ့ပါနဲ့။
စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမယ်ပေါ့နော်။ ဒါပေမယ့်လည်း ကိုယ်က အိပ်ရေးတွေ ပျက် အစားအသောက် မမှန်ရင် စိတ်က အမြဲရှုပ်ထွေးနေတတ်ရော။ဘာလုပ်လုပ် အဆင်မပြေဘဲ စိတ်မကြည်တော့ အဆိုးတွေချည်း မြင်နေလိမ့်မယ်။
ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပြီး ကျန်းမာရေးနဲညီညွတ်တဲ့ အစားအစာတွေ စားပါ။
၅.အကောင်းမြင်စိတ် နဲ့ သင့်ရဲ့ တစ်နေ့တာကိုစတင်ပါ။
မနက်မိုးလင်း အိပ်ရာထတိုင်း လောကကြီးကို ကျေးဇူးတင်ပြီး နိုးထပါ။မနက်စာ မစားခင် ဘယ်သူ့တွေကို ကျေးဇူးတင်တယ်၊ ဘာတွေကို
ငါအောင်မြင်အောင် လုပ်နိုင်ခဲ့တယ်၊ ငါဘာကောင်းမှုတွေ လုပ်ခဲ့သလဲ စဥ်းစားတာမျိုး၊ အကောင်းမြင်စိတ်နဲ့ သုံးသပ်တဲ့ သတင်းတွေ
နားထောင်တာမျိုးတို့၊ လေ့ကျင့်ခန်းတို့ ပြုလုပ်ပါ။
နောက်ပြီး မနက်ပိုင်း ဘုရားရှိခိုးတာတို့၊ မေတ္တာသုတ် တရားတော်တွေ နားထောင်တာတို့က တကယ် စိတ်ကို ကြည်လင်စေပါတယ်။ မနက်ထဲကစိတ်ကြည်နေရင် ဘာအလုပ်လုပ်အဆင်ပြေနေမှာပါ။ 
၆.ပြဿနာ ရဲ့ အဖြေကိုဘဲ အာရုံစိုက်ပါ။
အဆိုးမြင်စိတ်ကို ပိုမိုရှင်သန် ကြီးထွားလာစေတာက ဘာမှမလုပ်ဘဲ ထိုင်နေခြင်းပါ။ အကယ်၍ကိုယ့်မှာ ပြဿနာ တစ်ခုခု ပေါ်လာပြီဆိုတာနဲ့ချက်ချင်းဘယ်လို ဖြေရှင်းသင့်လဲ ဘဲတွေးပါ။ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ပါ။
"ငါဒီနေ့အတွက် ဒီကိစ္စကို ဖြေရှင်းဖို့ ဘာများလုပ်နိုင်မလဲ" စဥ်းစားပါ။
ကိုယ် ဖြေရှင်းမယ့် နည်းလမ်းက ကြီးမားပြီးအချိန်ဆွဲ စေသလို ဖြစ်နေရင် ဒီမေးခွန်းလေးပြန်မေးကြည့်ပါ။
"ဒီနေ့အဖို့ ငါရှေ့ဆက်နိုင်ဖို့ အသေးငယ်ဆုံး ခြေလှမ်းက ဘာဖြစ်မလဲ"
ရှေ့ဆက် လျှောက်လှမ်းနိုင်ဖို့ ပြဿနာတွေကို တစ်ဆင့်ချင်းစီ ဖြေရှင်းပါ။
(ရှေ့အပတ်က ပြဿနာဖြေရှင်းနည်း အကြောင်း ရေးပေးထားပါတယ်နော် ပြန်ဖတ်ကြည့်ပါ )
၇. စိုးရိမ်လွန်တတ်တဲ့ အကျင့်တွေကိုဖျောက်ပါ။
စိုးရိမ်လွန်တတ်တဲ့ အကျင့်က တစ်ခါတစ်လေ မဖြစ်နိုင်တဲ့ အရာတွေကိုပါ တွေးမိနိုင်တာမို့ အဆိုးမြင်စိတ်ကို အားကောင်းစေတဲ့ အရာတစ်ခုပါနော်။
ကိုယ် တွေးကြောက်နေတဲ့ တချို့အရာတွေက တကယ် ဖြစ်မလာနိုင်ပါဘူးနော်။ သူတို့တွေက စိတ်ကူးယဥ်အိပ်မက်ဆိုးတွေပါဘဲ။
ဥပမာ- ကိုယ်က အလုပ်တစ်ခုကို မလျှောက်ကြည့်ခင်မှာ ငါလုပ်နိုင်လောက်မှာ မဟုတ်ပါဘူးလို့ တွေးပူပြီး မလျှောက်ဘဲနေလိုက်တာက အခွင့်အရေးတစ်ခုကို ဆုံးရှုံးသွားရတာဘဲမဟုတ်လား။
၈."အကောင်းဆုံး"ဆိုတဲ့ စကားလုံးနဲ့ အရာရာကို မဖျက်ဆီးပစ်ပါနဲ့။
အကောင်းမြင်စိတ် ရှိလာအောင် ကြိုးစားနေတဲ့အချိန်မှာ တစ်ခါတစ်လေ အကောင်းမြင်လို့ မရလောက်အောင် ဖြစ်လာတဲ့ကိစ္စလေးတွေ ရှိတတ်ပါတယ်။
အဲ့လိုအခိုက်အတန့်လေးတွေမှာ လူတွေက ငါဘယ်လောက်ဘဲ အကောင်းမြင်စိတ်ရှိရှိ ၊ဘယ်လောက်ဘဲ ကြိုးစားကြိုးစား၊ ငါ့ဆီကို မကောင်းတာတွေဘဲ ဖြစ်လာတယ်လို့ တွေးမိတတ်ကြပါတယ်။ အဲ့လိုနဲ့ဘဲ အကောင်းမြင်စိတ် မထားနိုင်တော့ဘဲ လက်လျှော့သွားကြသူတွေရှိပါတယ်။
ဒီလိုတွေ ဖြစ်လာရတာဟာ ကိုယ့်ကိုကိုယ် အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီလို့ သတ်မှတ်မိသွားလို့ပါ။
"ငါအကောင်းဆုံးကြိုးစားခဲ့ပြီးပြီဘဲ ဖြစ်မလာတာကတော့ မတတ်နိုင်ဘူးလို့ မတွေးလိုက်ပါနဲ့"။ ငါ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် လိုအပ်ချက်လေးတွေ ရှိနေလို့နေမယ်။ အဲ့အချက်လေးတွေကို ပြင်ပြီး နောက်တစ်ခါ ကြိုးစားကြည့်ရမယ်။ ဘယ်လိုလေး ပြောင်းလဲ ဖြေရှင်းရင်ကောင်းမလဲ ဆိုတာ စဥ်းစားကြည့်ပါ။
၉.ကိုယ့်ကိုကိုယ် ဘယ်တော့မှ အရှုံးမပေးမိဖို့ သတိပေးပါ။
ဘဝမှာ အကောင်းနဲ့အဆိုးနဲ့ ဒွန်တွဲနေတာမို့ ဘဝမှာ ရင်ဆိုင် ဖြေရှင်းရခက်တဲ့ အခြေအနေတွေတော့ ရှိလာနိုင်တာပါဘဲ။ တစ်ခါတစ်လေ ကံကြမ္မာကလည်း လှည့်စားတတ်တာကိုး။ ဒါပေမယ့်လည်း အကောင်းမြင်သမားတွေကတော့ အမြဲကြည့်လိုက်တိုင်း အေးချမ်းနေကြသူတွေချည်းပါဘဲ။
စာရေးဆရာ ထင်လင်း ဘာသာပြန်ဆိုရေးသားထားတဲ့ "မေတ္တာရှင်မလေး ပေါ်လီယာနာ"စာအုပ်လေးဖတ်ကြည့်ဖို့ အကြံပြုပါရစေ။
အားလုံးဘဲ အကောင်းမြင်စိတ် ရှိဖို့ ကြိုးစားကြပါနော်။
ဘယ်တော့မှ ဘဝကို အရှုံးမပေးပါနဲ့။
စာရေးသူလည်း ကြိုးစား နေထိုင်ပါတော့မယ်။
စာတွေဖတ်ပေးလို့ စာဖတ်သူလေးတွေကို ကျေးဇူးတင်ပါတယ်နော်။
စာဖတ်သူလေးတွေကို ဒီကနေဘဲ နှုတ်ဆက်လိုက်ပါတော့တယ်။ 

Comments
Post a Comment