ဝန်ထမ်းဘဝမှ ကိုယ်ပိုင်စီးပွားရေးဖက်
ဟုတ်ကဲ့.. ဒီနေ့မှာတော့ ဝန်ထမ်းဘဝကနေထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကြံရွယ်နေကြတဲ့ မိတ်ဆွေတွေအတွက် ကြုံရမယ့်စိန်ခေါ်မှုတွေနဲ့ မလုပ်ခင် ကြိုတင်ပြင်ဆင်သင့်တဲ့အရာတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
OK ပထမဆုံးအနေနဲ့ ဝန်ထမ်းဘဝကနေထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်မယ့် မိတ်ဆွေအတွက် ကြုံရမယ့်စိန်ခေါ်မှုတွေကို ကြည့်လိုက်ရအောင်....
တကယ်တမ်းကျတော့ ဝန်ထမ်းဘဝဆိုတာဟာ သူများအလုပ်ကို ကြိုးစားလုပ်ပေးနေရပြီး ပုံမှန်လစာယူနေရတဲ့ဘဝ ဖြစ်တယ်။ ဝန်ထမ်းလုပ်နေသမျှတော့ ပုံမှန်လစာတော့ ရှိမှာဖြစ်ပေမယ့် ကိုယ်ပိုင်စီးပွါးရေးစလုပ်တော့မယ်ဆိုရင် ပုံမှန်ဝင်ငွေရယ်လို့ တသမတ်တည်း ရှိချင်မှရှိတော့မယ်။ ရှုံးနိုင်တယ် သို့တည်းမဟုတ် အမြတ်ရနိုင်တယ်။ လူတွေဟာ ပုံမှန်ဝင်ငွေမရတော့မှာ၊ စီးပွားရေးစလုပ်ရင် ရှုံးမှာ ကြောက်ပီး ကိုယ်ပိုင်စီးပွားရေးစတင်ဖို့ တွန့်ဆုတ်ကြပါတယ်။
မိတ်ဆွေသာ ဝန်ထမ်းတစ်ယောက်ဆိုရင် လစဉ်ပုံမှန်ဝင်ငွေရှိတာကို အကြောင်းပြုပီး ကျန်းမာရေးအာမခံ၊ ချေးငွေအာမခံ၊ အငြိမ်းစားအစီအစဉ်တွေ မိတ်ဆွေအတွက်ရှိပေမယ့် ကိုယ်ပိုင်စီးပွားရေးသာလုပ်တော့မယ် ဆိုရင်တော့ ဒါတွေအားလုံးကို မိတ်ဆွေဆုံးရှုံးမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့လုပ်ငန်း အောင်မြင်တယ် မအောင်မြင်ဘူးဆိုတဲ့အချက်ပေါ် မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ်။
တကယ်လို့မိတ်ဆွေသာ သူများဝန်ထမ်းမဟုတ်တော့ရင် မိတ်ဆွေအတွက် သီးသန့်နားနေချိန်၊အစိုးရ ရုံးပိတ်ရက် စတာတွေရှိတော့မှာမဟုတ်တော့ဘူး။ ( တချိန်လုံးအလုပ်လုပ်နေရမယ်လို့တော့ မဆိုလိုပါ)။ ဒါပေမယ့် မိတ်ဆွေရဲ့လုပ်ငန်းလုပ်ငန်းအောင်မြင်ဖို့အတွက်ဆိုရင်တော့ ပိတ်ရက်တွေနားရက်တွေကို အရင်ကထက်ပိုလျော့ရမယ်ဆိုတာတော့ ကျိန်းသေပါပဲ။
အလီဘာဘာ ကုမ္ပဏီသူဌေးကြီး ဂျက်မားသည်ပင် လုပ်ငန်းစတင်ပီး နှစ်အတော်တန်ကြာတဲ့အထိ အမြတ်စွန်းတစ်စုံတစ်ရာ မရရှိခဲ့ပေ။ ထို့အတူ တခါတလေ မိတ်ဆွေလုပ်ငန်းရဲ့ တစ်လတာအမြတ်ငွေဟာ သာမာန်လခစား ဝန်ထမ်းတစ်ယောက်ထက်တောင် နည်းချင်နည်းနေနိုင်ပေသည်။ မိတ်ဆွေရဲ့လုပ်ငန်း တိုးတက်အောင်မြင်ခြင်းဟာ မိတ်ဆွေရဲ့ကြိုးစားမှုနဲ့ တိုက်ရိုက်အချိုးကျနေတယ်ဆိုတာကိုမမေ့ပါနဲ့။
ဒါဆို ဒီလိုမျိုးစိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်ဖို့ ဘယ်လိုမျိုးပြင်ဆင်မှုတွေ လုပ်ကြမလဲ .. 
OK. .ဆက်ကြည့်လိုက်ကြတာပေါ့..

မိတ်ဆွေဟာလောလောဆယ်မှာ ဝန်ထမ်းဘဝနဲ့သာရှိနေသေးပေမယ့် နောက်ဘယ်နှစ်နှစ်ကြာရင် ဘာဖြစ်အောင်လုပ်မယ်ဆိုပြီး ရည်မှန်းချက်ထားပေးပါ။ ရည်မှန်းချက်ချတဲ့နေရာမှာလည်း တိကျတဲ့အချိန်နဲ့ တိကျတဲ့နေရာတစ်ခုကိုမှတ်ပြီး ချမှတ်ထားပါ။
ကိုယ့်ရည်မှန်းချက်နဲ့ ဆိုင်တဲ့ ဗဟုသုတတွေ ပညာရပ်တွေအပြင် မိတ်ဆွေတွေ အားလုံးကို ကြိုတင်ပြီး လေ့လာမှုတွေ လုပ်ထားပါ။
မိတ်ဆွေမှာရည်မှန်းချက်တခုရှိနေရုံနဲ့ စီးပွားရေးတစ်ခုကို စတင်နိုင်မှာမဟုတ်ဘူးဆိုတာကိုသိထားပါ။ အဲ့ဒီမျှော်မှန်းချက်စိတ်ကူးကို အကောင်အထည်ဖော်ဖို့ သင့်တင့်တဲ့အရင်းအနှီး ငွေပမာဏဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတခုကနေပါဝင်နေတယ်ဆိုတာကို သိထားပါ။ ဒါကြောင့် အဆင်ပြေရင်ပြေသလို ငွေစုပါ။ ကိုယ့်လုပ်ငန်းအတွက် အထောက်အပံ့ဖြစ်နိုင်တဲ့ သူတွေနဲ့မိတ်ဆွေဖွဲ့ပါ။
ငွေဟာ လူတွေဆီကပဲလာပါတယ်။ ဒါကြောင့် မိတ်ကောင်း ဆွေကောင်းများများဖွဲ့ပါ။
မိတ်ဆွေဟာ လုပ်ငန်းတစ်ခုစတင်တော့မယ်ဟုစိတ်ကူးမိပြီး မိတ်ဆွေရဲ့သူငယ်ချင်းတွေ အပေါင်းအပါတွေနဲ့ တိုင်ပင်တဲ့အခါ "မင်းမလုပ်နဲ့နော်..ဒါကမအောင်မြင်နိုင်ဘူး”စတဲ့အဆိုးမြင်အကြံဉာဏ်တွေနဲ့ ပြောစကားတွေကို လျစ်လျူပါ။ အပြုသဘောဆောင်ပီး ဝေဖန် ကျိုးကြောင်းထောက်ပြတတ်တဲ့ သူတွေနှင့်သာ တိုင်ပင်ပါ။ ဘာလို့လည်းဆိုတော့ နေရာတိုင်းမှာတော့ အဆိုးနဲ့အကောင်းက ဒွန်တွဲနေတာဆိုတော့ အပျက်သဘောဆောင်တဲ့ အကြံဉာဏ်တွေနဲ့ ဘေးစကားတွေကိုသာနားယောင်မိနေရင် မိတ်ဆွေအနေနဲ့ လုပ်ငန်း ဘယ်တော့မှ စတင်လို့ ရတော့မှာမဟုတ်ပေ။
ပြောသည့်စကားများလေထဲ ပျောက်သွားတာမျိုးမဟုတ်ပဲ တကယ် အသေးစိတ်အစီစဉ်ချ ရေးဆွဲပါ။ အစီအစဥ်ချဖို့ပျက်ကွက်တာဟာ ကျရှုံးဖို့အတွက်အစီအစဥ်ချတာနဲ့ အတူတူပဲဆိုတာကိုလည်း မမေ့ထားပါနဲ့။
ဟုတ်ပြီ.. အပေါ်မှာပြောခဲ့တဲ့ အချက်တွေကိုလည်း အားလုံးပြီးအောင်လုပ်ခဲ့ပြီ။ ဒါဆိုလုပ်ငန်းက အောင်မြင်တော့မှာလား။ No. . မိတ်ဆွေဟာ စိတ်ကူးယဥ်အတွက်ကြိုးစားနေတာပဲရှိသေးတာ။ အဲ့ဒါကိုအကောင်အထည်ဖော်ဖို့လိုသေးတယ်။ ဒါကြောင့် အသေးစိတ်အစီအစဉ်တွေရေးဆွဲပြီး ကိုယ့်ရဲ့စိတ်ကူးရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ။
ဘယ်အလုပ်မဆို အစမှာတော့ အားနည်းချက်တွေအများကြီးနဲ့ ကြုံနိုင်ပါတယ်။ အားလုံး Perfect ဖြစ်အောင်လုပ်ပြီးမှပဲ လုပ်ငန်းကိုစတင်မယ်ဆိုရင်တော့ အဲ့ဒီလုပ်ငန်းဟာ ဘယ်တော့မှစလုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။ အချိန်အားဖြင့် အများကြီးကြန့်ကြာနိုင်ပါတယ်။ ဒါကြောင့် အကောင်ထည်ဖော်ရင်း ဖြစ်ပေါ်လာသော အားနည်းချက်တွေကိုသာ စနစ်တကျ မွမ်းမံပြီးလုပ်ငန်းတိုးတက်ရေးအတွက် လုပ်ဆောင်ပါ။
Ok ဒါတွေကတော့ ကိုယ်ပိုင်စီးပွားစလုပ်မယ့် သူတွေအနေနဲ့တွေ့ရမယ့်စိန်ခေါ်မှုတွေအပြင် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်လေးတွေကို ဆွေးနွေးပေးသွားတာပဲ ဖြစ်ပါတယ်။
မိတ်ဆွေတွေအနေနဲ့လည်း ကြုံခဲ့ရတဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ဘယ်လိုမျိုးကျော်ဖြတ်ခဲ့ တယ်ဆိုတာကိုလည်း အောက်က Comment မှာပြောပြသွားဖို့မမေ့ပါနဲ့နော်။
Kyaw Nyein( YAU)

Comments
Post a Comment