အကြောက်တရားကို ဘယ်အရာနဲ့တွန်းလှန်ကြမလဲ ... 🧐

အကြောက်တရားဆိုတာ ကိုယ့်ရဲ့စိတ်ကို မလုံခြုံဖြစ်စေတယ်။ ကိုယ့်ကို အားနည်းစေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လျော့ကျစေပြီးတော့ အောင်မြင်မှုကို တားဆီးထားတဲ့ အရာဖြစ်ပါတယ်။
အကြောက်တရားဟာဆိုရင် ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေ၊ ပျော်ရွှင်မှုတွေ၊ နှစ်လများစွာ တည်ဆောက်ခဲ့ရတဲ့အရာတွေကို ခဏလေးအတွင်းမှာ ဆွဲယူသွားနိုင်ပါတယ်။ ဒါကြောင့်မိမိတို့ရဲ့ ဘဝမှာ အကြောက်တရားက ကိုယ့်ကို အနိုင်ယူသွားတာမျိုး အဖြစ်မခံပါနဲ့။
ဒီအကြောက်တရားကို တွန်းလှန်ဖို့အတွက် အကောင်းဆုံးလက်နက်ကတော့ မိမိကိုယ်ကို ယုံကြည်ချက် ရှိတာပါပဲ။
လူတိုင်း ကြောက်စိတ်ရှိတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် အဲ့ဒီစိတ်ကြီးကိုတော့ တစ်သက်လုံး ပွေ့ပိုက်သွားလို့မရဘူးလေ။ ဒါကြောင့်မလို့ ကိုယ့်ရဲ့အကြောက်တရားကို ကိုယ်တိုင်တွန်းလှန်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ပါ။ လူတွေဟာ ယုံကြည်ချက်ရှိလာပြီဆိုရင် လုပ်ဆောင်သမျှအရာတွေက အကောင်းဆုံးဖြစ်လာပါတယ်။
အကြောက်တရားကို တွန်းလှန်ပြီး မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့ နည်းလမ်းကောင်းလေးတွေကို Beatrix ရဲ့ စာဖတ်ပရိသတ်ကြီးသိအောင် ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်ရဲ့ အကြောက်တရားက ကိုယ့်အတွက် လက်ဆောင်ပါပဲ။ အကြောက်တရားမရှိရင် ကိုယ့်အတွက်တိုးတက်မှုဆိုတာလဲမရှိနိုင်ပါဘူး။ တွန်းအားမရှိဘဲ ဘဝကို အသာလေးမျောသွားမယ်ဆိုရင် ကိုယ့်ဘဝကြီးကတိုးတက်မှာမဟုတ်ပါဘူး။
ဒါကြောင့် ကိုယ့်မှာရှိတဲ့အကြောက်တရားကို လက်ခံပြီး ကိုယ့်ရဲ့အားသာချက်အဖြစ် ပြောင်းလဲပစ်ပါ။
လူတွေက ခက်ခဲတဲ့အရာတွေနဲ့ ရင်ဆိုင်လာရင် "ငါဒါကို မလုပ်နိုင်လောက်ဘူး" ဆိုပြီးတော့ ကိုယ့်ကိုယ်ကို နှိမ့်ချတွေးတတ်ကြပါတယ်။ မွေးကတည်းကတော့ ဘယ်သူမှ ပြည့်စုံတတ်မြောက်ပြီး မွေးလာကြတာမဟုတ်ပါဘူး။ ကိုယ်တိုင်လေ့လာ သင်ယူရင်းနဲ့မှ လုပ်ကိုင်တတ်လာကြတာပါ။
မိမိကိုယ်တိုင်မှ ကိုယ့်ကိုယ်ကို မယုံကြည်ရင် ဘယ်သူက ကိုယ့်ကို ယုံကြည်တော့မှာလဲ။ ဒါကြောင့်မလို့ "မလုပ်နိုင်ဘူး"ဆိုတဲ့အစား "ငါဒါကို လုပ်ကို လုပ်နိုင်ရမယ်" ဆိုတဲ့ စိတ်ထားပါ။ ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်ကိုင်နိုင်စွမ်းကို အကောင်းဆုံးအသုံးချပြီး မလုပ်နိုင်ဘူးဆိုတဲ့ စိတ်ကို ဖျောက်ပါ။
တစ်ခါတစ်လေဆိုရင် လူအများစုဟာ အောင်မြင်နေတဲ့သူတွေကို ကြည့်ပြီး မိမိကိုယ်ကိုယ်အားမလိုအားမရ ဖြစ်တတ်ပါတယ်။ အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ သီအိုဒို ရု့စ်ဘဲ့ က "Comparison is The Thief of Joy" ဆိုပြီးတော့ ပြောဖူးပါတယ်။ တကယ်တော့ နှိုင်းယှဉ်တယ်ဆိုတာက ကိုယ့်ရဲ့ပျော်ရွှင်မှုကို ခိုးယူလိုက်တာပါပဲတဲ့။
တစ်ခြားသူတွေရဲ့ ဘဝကို ကြည့်ပြီးတော့ အားကျလေလေ ကိုယ့်မှာရှိနေတဲ့ အရည်အချင်းတွေကို မသိလေလေဖြစ်ပြီး ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားတတ်ပါတယ်ပဲ။ လူတိုင်းလူတိုင်းဟာ ကိုယ့်ပုံစံနဲ့ကိုယ် ထူးခြားကြပါတယ်။ ဒါကြောင့် မိမိမှာရှိတဲ့ အရည်အချင်းတွေကို တန်ဖိုးထား အသုံးချပါ။
ကမ္ဘာပေါ်မှာ အမှားနဲ့ကင်းတဲ့သူရယ်လို့ မရှိပါဘူး။ လူတွေဟာ အမှားလုပ်ပြီးရင် အဆူခံ၊ အပြောခံရမှာကို ကြောက်ကြပါတယ်။ အမှားလုပ်ပြီးရင် ရှေ့ဆက်လျှောက်လှမ်းဖို့ မရဲဖြစ်ကြတယ်။
စီးပွားရေးလောကမှာဆိုရင် အရှုံးမရှိတဲ့ လုပ်ငန်းရယ်လို့မရှိပါဘူး။ ရှုံးတိုင်းသာ ရှေ့ဆက်မလုပ်တော့ဘူးဆိုရင် အောင်မြင်မှုဆိုတာကိုလဲ တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အမှားလုပ်မိမှာကို မကြောက်ပါနဲ့။ အမှားရှိမှ အမှန်ကိုပြင်နိုင်မှာပါ။ အမှန်ကိုသိမှ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရအောင်လုပ်ဆောင်နိုင်ပြီး self-confidence တိုးတက်လာမှာ ဖြစ်ပါတယ်။
လူတွေရဲ့ သဘာဝအလျောက် ကိုယ်ကတစ်ခုခုလုပ်တော့မယ်ဆိုရင် အကောင်းဘက်ကနေ အပြုသဘောဆောင်ပြီး အကြံပြုချက်ပေးတဲ့သူတွေရှိသလို ကိုယ့်ကို ဝေဖန်တိုက်ခိုက်နေတဲ့သူတွေလဲ ရှိနိုင်ပါတယ်။ ဘယ်လိုတိုက်ခိုက်မှုတွေနဲ့ပဲကြုံရပါစေ သူတို့ပြောတာတွေကို လိုက်ဂရုစိုက်ပြီး ကြောက်နေစရာမလိုပါဘူး။
ဝေဖန်တိုက်ခိုက်တာတွေက သင့်အတွက် တွန်းအားတစ်ခုဖြစ်စေမှာကို အမြဲမှတ်ထားပါ။ သင့်ရဲ့ အောင်မြင်မှုကို သင်ဘယ်လောက်ဝေဖန်ခံရလဲဆိုတာနဲ့ တိုင်းတာနိုင်ပါတယ်။
အတွေးလွန်ခြင်းဟာလဲ မိမိရဲ့ ယုံကြည်မှု ပျောက်ဆုံးစေတဲ့ အဆိုးရွားဆုံး အကြောင်းရင်းပါပဲ။ အတွေးလွန်တာဟာဆိုရင် ကိစ္စတိုင်းကို မကောင်းတဲ့ရှုထောင့်ကနေပဲ စဉ်းစားမိစေပါတယ်။ ကိုယ့်မျက်လုံးထဲမှာ ကိုယ့်ဘေးနားပတ်ဝန်းကျင်က အရာအားလုံးကို အကောင်းမမြင်ဖြစ်တတ်ပါတယ်။
အတွေးလွန်တာကြောင့် ကိုယ့်ကိုယ်ကို မလုံခြုံဘူးလို့ ခံစားလာရပြီး အားငယ်မှုတွေဖြစ်ပေါ်လာပါတယ်။ Overthinking မလုပ်မိအောင် ကိစ္စတိုင်းကို ကောင်းတဲ့ရှုထောင့်ကနေကြည့်ပါ။ ဘာပဲလုပ်လုပ် အကောင်းဆုံးကြိုးစားမယ်လို့ ယုံကြည်ချက်ထားပြီးလုပ်ဆောင်ပါ။
ဒီစာကို ဖတ်ပြီးသွားတဲ့အချိန်ကစပြီး Beatrix ရဲ့ စာဖတ်သူတွေ ကိုယ့်ရဲ့ ကြောက်စိတ်တွေကို အဝေးဆုံးကိုဖယ်ရှားပစ်ပြီး Confidence ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်ခြင်းနဲ့ ရှေ့ဆက် လျှောက်လှမ်းလိုက်တော့နော်။
Written By,
Grace
Comments
Post a Comment