ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ထင်တဲ့စိတ်ဝင်နေပြီလား … 🤔❗️

 

အားလုံးပဲ မင်္ဂလာပါ 🐝 Beatrix မှ ပြန်လည်ကြိုဆိုပါတယ်။

ကျွန်တော်တို့ဟာ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်ကြသလို၊ တစ်ခါတလေမှာလည်း အထင်သေးတတ်ကြပါသေးတယ် 🤯
အဲဒီလို အထင်သေးရင်းကနေ ကိုယ်လုပ်ဆောင်ထားသမျှ အရာတွေကို သူများတွေလုပ်တာထက် ပိုညံ့ဖျင်းတယ်လို့ ထင်နေတာမျိုး ကြုံဖူးကြပါလိမ့်မယ်။
ကိုယ်က အလုပ်မှာ တစ်ခုခုကို ဆောင်ရွက်‌နိုင်လို့ ဝိုင်းချီးကျူးကြရင်တောင် ကံကောင်းလို့ပါကွာဆိုပြီး ကိုယ့်ကိုယ်ကိုယ် လျော့တွက်ခဲ့ဖူးပါလိမ့်မယ်။
ငါဟာ အတုအယောင်ပဲ၊ ဘာအရည်ချင်းမှ မရှိဘဲ ဒီနေရာကိုငါရောက်နေတာလို့ဘဲ ဆိုပြီး ထင်ပါလိမ့်မယ်
ဒါဆို ဘာကြောင့် အဲဒီလိုခံစားရသလဲ၊ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကျွန်တော်နဲ့အတူ လေ့လာကြည့်ရအောင်။
Written by Htoo_Aung
Designed by May Thu Thu Kyaw
 
Image may contain: text that says "Content by HTOO AUNG ZAW Graphicby : MT BEATRIX WHAT IS IMPOSTER SYNDROME?" 
Imposter Syndrome ဆိုတာဘာလဲ

Imposter Syndrome ဆိုတာ ကိုယ့်ကိုယ်ကိုယ် သူများတွေ‌ပြောသလောက် အရည်အချင်းမရှိဘူးလို့ ထင်နေတဲ့ ခံစားချက်ဖြစ်ပါတယ်။ ကိုယ်ရရှိထားတဲ့အောင်မြင်မှုဟာ ကိုယ်နဲ့မထိုက်တန်ဘူးလို့ ခံစားနေရတာမျိုးကို Imposter Syndrome ကိုခံစားနေရတယ်လို့ ဆိုနိုင်ပါတယ်။ 😣

ရှင်းရှင်းပြောရမယ်ဆို ကိုယ့်ကိုယ်ကိုယ် အသုံမကျဘူးလို့ ခံစားနေမိတာကိုဆိုလိုတာပါ။ ကိုယ်အသုံးမကျဘူးဆိုတာကို သူများတွေ ဘယ်အချိန်သိသွားမလဲ တွေးပူနေမိမယ်၊ ကိုယ်ရရှိထားတဲ့အောင်မြင်မှုဟာ ကံကောင်းလို့ ရလာတာ၊ ကိုယ်အသုံးကျလို့မဟုတ်ဘူးလို့ ထင်နေမယ်ဆိုရင် Imposter Syndrome အဖြစ်သတ်မှတ်နိုင်ပါတယ်။ 🙌🏻

💥နီးစပ်ရာဥပမာ ပေးရမယ်ဆိုရင် ကျောင်းသားတစ်ယောက်ဟာ အတန်းထဲမှာ အဆင့် (၁)ရနေရဲ့သားနဲ့ သူ့ကိုယ်သူ ကံကောင်းလို့ရတာ၊ တကယ်တော့ သူများတွေဟာ သူ့ထက်တော်တယ်လို့ ခံစားနေရတာမျိုးပါပဲ။

ချစ်သူရည်းစားတွေမှာလဲ ဖြစ်တတ်ပါတယ်။ ကိုယ့်ချစ်သူဟာ ကိုယ့်လိုလူနဲ့မထိုက်တန်ဘူးလို့ ထင်နေတာမျိုးပေါ့။ 😅
ငါ့ထက်သာတဲ့သူတွေအများကြီးရှိတာပဲ၊ သူများတွေက ငါ့ထက်ရုပ်ရည်ရော အရည်အချင်းရောသာတယ်။ ငါ့ချစ်သူဟာလဲ သူတို့နဲ့သာ ထိုက်တန်တယ်လို့ ခံစားနေရတဲ့ အခြေ‌အနေပဲ ဖြစ်ပါတယ်။

💭ဒါဆိုလက္ခဏာရပ်တွေက ဘယ်လိုရှိမလဲ

1️⃣ ကိုယ့်အရည်အချင်းအပေါ် ကိုယ်ဒွိဟစိတ်ဝင်ခြင်း

2️⃣ ကိုယ့်ရဲ့အောင်မြင်မှုကို တခြားပြင်ပအရာများကြောင့် ရသည်ခြင်း ( ဥပမာ - ကံစသဖြင့် ... )

3️⃣ ကိုယ့်လုပ်ရည်ကိုင်ရည်ကို မကျေမနပ်ဖြစ်နေခြင်း၊ အားမရခြင်း

4️⃣ ရည်မှန်းချက်ကြီးတွေ မိုးလောက်ထိသတ်မှတ်ထားပြီး မအောင်မြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခြင်း

Imposter Syndrome ခံစားရသူတွေမှာ အထက်ပါ လက္ခဏာရပ်တွေ တွေ့ရှိရတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ ဒါဆို ကျွန်တော်တို့ရော Imposter Syndrome ခံစားနေရသလားဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတာ နောက်တစ်ပုံမှာ ကြည့်ရအောင်။
🥸
Image may contain: text that says "BEATRIX IMPOSTER SYNDROME ခံစား နေရသလား ဆိုတာ ဘယ်လိုစစ်ဆေးကြမလဲ?"Imposter Syndrome ခံစားနေရသလားဆိုတာ ဘယ်လို စစ်ဆေးကြမလဲ 💡

ကမ္ဘာပေါ်က လူတိုင်းရဲ့ ၇၀ရာခိုင်နှုန်းဟာ Imposter Syndrome ကို တစ်ချိန်မဟုတ်တစ်ချိန်မှာ ခံစားရဖူးတယ်လို့ဆိုပါတယ်။ ပြီးတော့ ဒါကို စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုအဖြစ် မသတ်ထားပါဘူး။ အများစုကြုံတွေ့နေကျဖြစ်တဲ့ စိတ်အခြေအနေတစ်ခုသာဖြစ်ပါတယ်။

ကမ္ဘာကျော်အနုပညာရှင်တွေ၊ Michelle Obama တို့လိုမျိုး အများက အောင်မြင်သူလို့ အသိအမှတ်ပြုခံထားရသူတွေတောင်မှ Imposter Syndrome ကိုခံစားဖူးပါတယ်လို ဝန်ခံထားပါတယ်။

ဒါကြောင့် ကိုယ့်မှာလည်းခံစားနေရပြီဆိုရင် အများကြီ းစိုးရိမ်ပူပန်ဖို့မလိုပါဘူးနော် 🤗

ဒါဆိုအောက်က မေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရအောင်။

💠 အလုပ်မှာ အမှားသေးသေးလေးလုပ်မိရင်တောင် အခဲမကျေ၊ ပူပန်သောက ရောက်ဖူးလား။

💠 ကိုယ့်အောင်မြင်မှုကို ကံကောင်းလို့ပါ၊ တိုက်ဆိုင်သွားတာပါဆိုပြီး မှတ်ယူဖူးလား။

💠 အကောင်းမြင်စိတ်နဲ့ ကိုယ့်ကို လာဝေဖန်ရင်တောင် သည်းသည်းလှုပ်ဖြစ်ဖူးလား။

💠 တစ်နေ့ကျရင် ငါက အရှုံးသမားဆိုတာ သိသွားကြမှာပါလားဆိုပြီး ခံစားဖူးလား။

💠 အခြားသူတွေထက် သာနေတဲ့အရည်အချင်းတွေရှိရက်နဲ့ အရမ်းနှိမ့်ချပြီး အသုံးမကျဘူးလို့ထင်ဖူးလား။

ဒီလိုတွေကြုံဖူးတယ်ဆိုရင်တော့ Imposter Syndrome ကိုခံစားနေရတယ်လို့ ယူဆလို့ရပါတယ်။ 🤗

ဒါဆို ဘယ်လိုသက်သာအောင်လုပ်ကြမလဲ ❔ ကျွန်တော်နဲ့အတူ ဆက်ကြည့်ရအောင်။ 
 Image may contain: text that says "IMPOSTER SYNDROME ခံစားနေရပြီဆိုရင် BEATRIX သက်သာအောင် ဘာတွေလုပ်ရမလဲ?"Imposter Syndrome ခံစားနေရပြီဆိုရင် သက်သာအောင် ဘာတွေလုပ်ရမလဲ 🙏

တကယ်တမ်း ခံစားနေရပြီဆိုရင်လည်း သက်သာစေဖို့ရာ နောက်ထပ်မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရပါမယ်။ ဘယ်လို မေးခွန်းတွေလဲ ဆိုတော့-

💭 ငါ့ကိုယ်ငါ့ ဘယ်လိုလူမျိုးလို့ ခံယူထားသလဲ ။

💭 ငါ့ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တဲ့သူလို့ရော ငါ့ကိုယ်ငါ ယုံကြည်ရဲ့လား ။

💭 ဘေးလူတွေ အသိအမှတ်ပြုအောင်လို့ ငါအရမ်းကြီး ကြိုးစားပြနေစရာလိုလို့လား။

ဒါတွေ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။

✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

ဒါတွေ မေးပြီးရင်တော့ ကျွန်တော်တို့အတွက် တခြားလုပ်နိုင်တာလေးတွေ ရှိပါသေးတယ်။

🌼တခြားသူတွေကို ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာ ရင်ဖွင့်မျှဝေပါ။

🌼 ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ပြန်စစ်ဆေးပါ။ ကိုယ်ထင်သလိုမျိုး ကိုယ်ဟာ အသုံးမကျတဲ့သူမဟုတ်မှန်း သိလာပါလိမ့်မယ်။

🌼 တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေတာကို ရပ်ပါ။ လူတိုင်းဟာ ကိုယ့်စထွက်မှတ်နဲ့ကိုယ် ပန်းတိုင်ဆီ အရောက်လှမ်းနေကြတာပါ။ ကိုယ်ကလည်း ကိုယ့်ပန်းတိုင်နဲ့ ကိုယ့်တာထွက်ချိန်နဲ့ ကြိုးစားနေတာဖြစ်ပါတယ်။ အခြေအနေ၊အချိန်အခါ၊တန်ဖိုးထားမှု မတူညီတဲ့သူတွေနဲ့ နှိုင်းယှဉ်နေစရာ အကြောင်းမရှိပါ။

🌼 ဆိုရှယ်မီဒီယာကို လျော့သုံးပါ။ ဒီအချက်ဟာ အရေးကြီးပါတယ်။ တခြားသူတွေရဲ့ ကောင်းနိုးရာရာတွေချည်း ပြသထားတဲ့ မှန်ဘောင်အတွင်းက ပစ္စည်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျလာပါလိမ့်မယ်။ ဒါကြောင့် facebook, instagram, twitter, & messager စ‌တာတွေကို တော်သင့်ရုံပဲ သုံးပါ။ 
 Image may contain: text that says "BEATRIXER တို့အတွက် အားပေးစကား BEATRIX"Beatrixer တို့အတွက် အားပေးစကား ✨

ကိုယ့်မှာတော့ Imposter Syndrome ရှိနေပြီဆိုရင်လဲ စိတ်မညစ်လိုက်ပါနဲ့။ ဒါဟာ Beatrixer တို့က ကိုယ့်အောင်မြင်မှုကိုယ် ကံတရားကြောင့်လို့ယူဆခဲ့ဖူးတယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ထင်ဖူးတယ်ဆိုတာကို ဖော်ပြတာပါ။

ဒါဆိုရင် ဒီလိုလေး ပြောင်းတွေးလို့ရပါတယ် ။အောင်မြင်မှုတွေဟာ ကျွန်တော်တို့ကြိုးစားလို့ပါဆိုပြီး အတွေးအမြင်ပြောင်းလိုက်လို့ရပါတယ်။ ကိုယ့်မှာ အောင်မြင်မှုတွေရှိခဲ့ပြီးလို့ပဲ Imposter Syndromeကို ခံစားနေရတာမဟုတ်လား။ နောက်ကြုံလာမယ့် အောင်မြင်မှုတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုလိုက်ဖို့ပဲ လိုပါတယ်။ 🥰

လူတိုင်းလိုလို ကြုံတွေ့ခဲ့ဖူးတဲ့ စိတ်အခြေအနေမျိုးကို ကြုံတွေ့ရတာ ကြောက်စရာ ၊စိတ်ညစ်စရာမဟုတ်ပါဘူး။ အခုလိုသိသိချင်းမှာပဲ အတွေးတွေ ပြောင်းလဲပစ်လိုက်ရင် ကျွန်တော်တို့တစ်တွေ အဆင်ပြေ ပျော်ရွှင်လာမယ်ဆိုတာ အသေအချာပါပဲ။ အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ကြပါစေ။💕

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱