Music and importance of music in children's life
Hello! အားလုံးပဲမင်္ဂလာပါရှင်။
လူတိုင်း ဂီတနဲ့ ကင်းကွာတဲ့နေ့ဆိုတာ မရှိသလောက်ကို ရှားမှာပါ။ အလုပ်လုပ်ရင်းပဲဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေး လုပ်ရင်းပဲဖြစ်ဖြစ် သီချင်းလေးဖွင့်ထားပြီး အလုပ်လုပ်ရတာ ပိုပြီး စိတ်ကို ပျော်ရွှင်စေတာပဲမလား? ဒါဆို လူတွေရဲ့နေ့စဉ်ဘဝမှာ ဂီတဟာ ဘာကြောင့် အရေးကြီးတာလဲ
အခုခေတ် နားထောင်နေတဲ့ သီချင်း ဂီတတွေအထိရောက်အောင် တစ်ခေတ်ပြီးတစ်ခေတ် ဘယ်လိုပြောင်းလဲခဲ့သလဲဆိုတဲ့ ဂီတရဲ့ သမိုင်းကြောင်းကိုရော မသိချင်ကြဘူးလား
တကယ်လို့ သင်က ဂီတကို ချစ်မြတ်နိုးသူတစ်ယောက်ဆိုရင်တော့ အခုပြည့်ပြောပြမယ့် အကြောင်းအရာတွေကို ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ဂီတမှာ နှစ်မျိုးရှိပါတယ် -
၁။လူသားတွေသီချင်းဆိုရာက ထွက်လာတဲ့အသံနဲ့
၂။ တူရိယာတွေကနေ ထွက်လာတဲ့အသံပါ။ ဂီတသံ အားလုံးဟာ လူတိုင်းရဲ့ နားထဲမှာ နားဝင်ချိုနေတာမျိုး မဖြစ်နိုင်ပါဘူး။
ဥပမာပြောရမယ်ဆို hip-hop လို ဂီတအမျိုးအစားက လူငယ်တွေအတွက်တော့ နှစ်သက်စရာဖြစ်ပေမယ့် အသက်ကြီးတဲ့ လူကြီးပိုင်းတွေအတွက်တော့ ဆူညံသံဖြစ်စေပါတယ်။
Written by
Pyae
ဂီတဟာ အေဒီ ၁၁၅၀ မတိုင်ခင်တည်းက တည်ရှိနေခဲ့တယ်လို့ ယူဆနိုင်ပေမယ့် ဒီ medieval ခေတ်မှပဲ စပြီးတော့ ဂီတဟာ ဘယ်လိုသံစဉ်မျိုးတွေလဲ ဆိုတာကို သေချာသတ်မှတ်လာနိုင်တာပါ။
ဒီခေတ်မှာ သံစဉ်တွေရေးမှတ်ထားတဲ့ လက်ရေးစာမူတွေဟာ ဘုရားကျောင်းလို နေရာတွေကနေ ဆင်းသက်လာပြီး အများအားဖြင့် ဘာသာရေးနဲ့ဆက်စပ်နေတဲ့ အကြောင်းတွေဖြစ်ပါတယ်။ ပလွေ၊ recorder နဲ့ တစ်ချို့သော ကြိုးတပ်တူရိယာတွေကို သုံးပါတယ်။
Medieval era မှာ Gregorian Chant လို့ခေါ်တဲ့ music type တစ်မျိုးခေတ်စားခဲ့ပါတယ်။ အဲ့ဒါဟာ တစ်ခြားသံစဉ်တွေမပါပဲ သံစဉ်တစ်မျိုးတည်းပါတဲ့ monophony အမျိုးအစားဖြစ်ပြီး ဘုန်းတော်ကြီးတွေက သီဆိုကြပါတယ်။ အဲ့နောက်မှာတော့ polyphony ဆိုတဲ့ မတူညီတဲ့ သံစဉ်အမျိုးမျိုးပေါင်းစပ်ထားတဲ့ ဂီတလည်း ထွက်ပေါ်လာပါတယ်။ အဲ့ခေတ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းကတော့ ဂီတမှာ မပါမဖြစ်တဲ့ harmony စတင်ပေါ်ပေါက်လာခြင်းပါပဲ။
Renaissance era မှာတော့ harmony နဲ့ polyphony ဟာ အတော်ကို တွင်ကျယ်လာပြီးတော့ ဂီတဖန်တီးသူတွေဟာ ဓမ္မတေးဂီတဘက်ကို ပိုအလေးထားပြီး ရေးစပ်လာကြပါတယ်။ ဒီခေတ်တစ်လျှောက်လုံးမှာ ဘာသာရေးနဲ့ဆိုင်တဲ့ ဂီတဟာတစ်ရှိန်ထိုး တိုးတက်လာပါတယ်။
️ဘာသာရေးဂီတ ရေးစပ်သူတွေဟာ Renaissance ခေတ်အကုန်အထိ တီးလုံးမပါဘဲ စုပေါင်းသီဆိုရတဲ့ သီချင်းမျိုးတွေကို ရေးစပ်လာကြပါတယ်။ တူရိယာမျိုးစုံကို တွင်တွင်ကျယ်ကျယ် သုံးလာကြပြီး Renaissance ခေတ်ရဲ့ ဒုတိယပိုင်းဟာ ဂီတနယ်ပယ်မှာ အတော်လေး လွှမ်းမိုးမှုရှိတဲ့ခေတ် ဖြစ်ခဲ့ပါတယ်။
Baroque ခေတ်မှာတော့ သီချင်းတွေရေးစပ်တဲ့ အခါ key အတိအကျဖန်တီးပြီး ထည့်သွင်းရေးစပ်လာကြပါတယ်။ ဒါပေမယ့် baroque ခေတ်ကို အဓိက မီးမောင်းထိုးပေးနေတာကတော့ ရှုပ်ထွေးတဲ့ သံစဉ်တွေနဲ့ harmony တွေပါပဲ။ ဒီခေတ်ဟာ နောက်နှစ်ပေါင်းများစွာမှာ ဖြစ်ပေါ်လာမယ့် ဂီတအတွက် လမ်းစဖော်ပေးလိုက်တဲ့ ခေတ်ပါပဲ။ ဓမ္မတေးဂီတဟာ တဖြည်းဖြည်းမှေးမှိန်လာပြီး သံစုံတီးဝိုင်းတွေ၊ ပြဇာတ်တွေ၊ sonata တွေ စတင်ပေါ်ပေါက်လာပါတယ်။ လူမှုအဖွဲ့အစည်းမှာ ဂန္တဝင်တေးဂီတဟာ မရှေးမနှောင်း ထွက်ပေါ်လာပြီး ညစာစားပွဲတွေ၊ ပွဲအခမ်းအနားတွေမှာ ဖျော်ဖြေလေ့ရှိကြပါတယ်။ တူရိယာတွေဟာ ပိုခေတ်စားလာပြီး ပိုမိုဆန်းသစ်တဲ့ တူရိယာပစ္စည်းတွေကိုလည်း အသုံးပြုလာကြပါတယ်။
Baroque ခေတ်ကတည်းက စတင်ထင်ရှားခဲ့တဲ့ ဂန္တဝင်တေးဂီတဟာ classical ခေတ်ရောက်တဲ့အခါ ပိုမိုလွှမ်းမိုးမှုရှိလာပြီး ပုံစံအမျိုးမျိုးနဲ့ ဖျော်ဖြေလာကြပါတယ်။ တူရိယာတွေအနေနဲ့ကတော့ baroque ခေတ်ကနဲ့ အရမ်းကြီးမကွာခြားပေမယ့် စန္ဒယားတစ်မျိုးကိုတော့ စတင်ပြီး အသုံးပြုလာကြပါတယ်။
Romantic era မှာတော့ classical ခေတ်က ဂန္တဝင်တေးဂီတကို ပိုမိုအသက်ဝင်လာအောင် intensity နဲ့ expression တွေထည့်ပြီး တီးခတ်သီဆိုလာကြပါတယ်။ ဂီတကို ပိုပြီးခံစားလို့ရအောင်၊ အသက်ဝင်ရုပ်လုံးကြွလာအောင် တဖြည်းဖြည်း အသွင်ပြောင်းပြီး ဖန်တီးလာကြပါတယ်။ တူရိယာတွေကိုလည်း တွင်ကျယ်စွာအသုံးပြုလာပြီး သံစုံတီးဝိုင်းတွေဟာလည်း နေရာအတော်များများမှာ ပေါ်ပေါက်လာပါတယ်။ ဂီတရေးစပ်သူတွေဟာ အသစ်အသစ်သော မတူညီတဲ့ တူရိယာသံစဉ်တွေကို ပေါင်းစပ်ပြီး တစ်မူထူးခြားတဲ့ harmony တွေကို ဖန်တီးလာနိုင်တယ်။ အရင်တုန်းက concerts တွေနဲ့ opera တွေကို တော်ဝင်မျိုးနွယ်တွေ၊ လူကုံထံတွေသာ ကြည့်လို့ရပေမယ့် romantic era မှာတော့ သာမန်လူလတ်တန်းစားတွေပါ နားဆင်ခံစားနိုင်တဲ့အထိကို ကျယ်ပြန့်လာပါတယ်။ Romantic era မှာ national music schools တွေ စတင်ပေါ်ပေါက်လာပြီး ဂီတပညာရှင်တွေလည်း များစွာထွက်ပေါ်လာပါတယ်။
ဂီတဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာခဲ့ပြီး နောက်ဆုံး အခုခေတ် နားဆင်နေရတဲ့ ဂီတအမျိုးအစားတွေအထိ ရောက်ရှိလာခဲ့ပါပြီ။ ဂီတဖန်တီးသူတွေ အနေနဲ့လည်း ဂီတကို အရင်ခေတ်တွေကလို စည်းတွေဘောင်တွေထဲကနေ မဟုတ်ဘဲ ပိုမိုလွတ်လပ်စွာ ဖန်တီးလာနိုင်ပါတယ်။ ဂန္တဝင်တေးဂီတဟာလည်း 1800 ခုနှစ်တွေကလောက် ခေတ်မစားတော့ပေမယ့် ဘယ်တော့မှရိုးမသွားမယ့် ဂီတတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
လူတွေအများကြီး တစ်စုတစ်ဝေးတည်းဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ အရာတွေထဲမှာ ဂီတဟာ အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ဂီတပွဲတော်တွေ၊ concert တွေ လုပ်ကြပြီး လူတွေဟာလည်း ဂီတကို လွတ်လပ်ပျော်ရွှင်စွာ ခံစားနိုင်ကြပါတယ်။ အဲ့ဒီအခါမှာ သင်ဘယ်နိုင်ငံကလဲ ဘယ်သူလဲဆိုတာအရေးမကြီးတော့ပါဘူး။ အားလုံးဟာ တန်းတူပဲဖြစ်သွားပြီး ဂီတမှာ ပျော်ပျော်ရွှင်ရွှင် လိုက်ပါ စီးမြောနိုင်ကြပါတယ်။
ပြည့် အပါအဝင် လူတော်တော်များများက အလုပ်တစ်ခုခုလုပ်နေရင်း သီချင်းတစ်မျိုးမျိုးဖွင့်ထားမှ လုပ်တတ်ကြတာမျိုးရှိမှာပါ။ အဲ့လိုဖွင့်ထားတဲ့အခါ ဂီတကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုပြီးတိုးတက်စေပါတယ်။
ဒါကတော့ ပြောစရာတောင်မလိုပါဘူး။ ကိုယ့်ခံစားချက် အပြောင်းအလဲအပေါ် မူတည်ပြီး ဂီတကိုရွေးချယ်ခံစားလို့ရတယ်။ ပျော်ရွှင်တဲ့အချိန်ဆို ပျော်စရာသီချင်းလေးတွေ၊ စိတ်ဓာတ်ကျနေတဲ့အချိန်ဆို စိတ်ဓာတ်မြှင့်တင်ပေးတဲ့ သီချင်းလေးတွေ နားထောင်ပြီး ကိုယ့်စိတ်ကို ပြန်တည်ငြိမ်အောင်လုပ်လို့ ရပါတယ်။
သီချင်းနားထောင်တဲ့အခါ အဲ့သီချင်းထဲက အဖြစ်အပျက်ပဲဖြစ်ဖြစ်၊ နေရာဒေသကိုပဲဖြစ်ဖြစ် မျက်စိထဲမှာ ပုံဖော်ပြီး မြင်ယောင်ကြည့်ဖူးတယ်မလား? တစ်ခါတစ်လေဆို အဲ့နေရာကို ကိုယ်ကိုယ်တိုင်ပဲ ရောက်သွားသလိုတောင် ခံစားဖူးကြမှာပါ။ ဂီတဟာ ကိုယ့်ရဲ့ စိတ်ကူး အတွေးတွေကို လွတ်လပ်စွာ စီးဆင်းစေပြီး creativity ကိုလည်းတိုးတက်စေပါတယ်။
ဂီတဟာ သင့်ရဲ့မှတ်ဉာဏ်အတွက် ကောင်းတဲ့အရာတစ်ခုပါ။ နားထောင်ဖူးတဲ့ သီချင်းတွေထဲကစာသားတွေကို ဖတ်ဖူးတဲ့ဆောင်းပါးထဲက စာတစ်ကြောင်းထက် ပိုပြီးတော့ မှတ်မိနေမှာ လူတိုင်းပါပဲ။ ဒါကြောင့် တစ်ချို့အသက်ကြီးတဲ့လူတွေ သူတို့ရဲ့ အတိတ်တွေကို ပြန်မှတ်မိအောင် musical therapy တွေသုံးပြီး ကုသလာကြတာတွေ ရှိလာပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ဂီတဟာ လူတွေကို စိတ်ပျော်ရွှင်မှုပေးပါတယ်။ သီချင်းနားထောင်လိုက်ရင် စိတ်ကအလိုလို ပေါ့ပါးသွားတာမျိုး၊ စိတ်ညစ်နေတာတွေ ခဏလောက်ဖြစ်ဖြစ် ပျောက်သွားတာမျိုး အဲ့လောက်အထိတောင် ဂီတဟာ စွမ်းအားကြီးမားပါတယ်။


Comments
Post a Comment